မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


မျက်ရည်ညများ

8/19/08

အမှတ်တမဲ့မို့
မင်းရဲ့ ရုတ်တရက် ထိုးနှက်မှုဟာ
အားနည်းချက်တွေရဲ့ ကြားထဲကို
တိတ်တဆိတ်နဲ့ အရောက်....´

အဲ့ဒါ...
မိုးလင်းပေါက်ခဲ့ပေါင်းများတဲ့
ငါ့ညတွေများစွာရဲ့
ဖြစ်တည်မှု နိဒါန်း.....

ကဲ.....
ကြည့်စမ်းပါဦး ကလေးရယ်.....
မျက်ရည်တွေ ၀ဲနေသေးလားလို့..... ။ ။

သွေအိမ်

အိပ်မက်စည်း

8/17/08

မတွေ့ချင်လည်း
ခေါင်းမော့လှည့်ထွက်
မင်းသွားရက်ပေါ့
ငါအလိုက်သိ ပါတယ်လေ...

မပြောချင်လည်း
ရေငုံတိတ်ဆိတ်
မင်းနှုတ်ပိတ်ပေါ့
ငါနားလည်ပေးပါ့မယ်လေ...

မချစ်ချင်လည်း
ကျောခိုင်းစွန့်ပစ်
မင်းထားရစ်တော့
ငါသိတတ်ပါတယ်လေ...

ငါကတော့.....
မမေ့ချင်လည်း
မေ့ချင်ရဲအောင်
မျက်လုံးဇွတ်မှိတ်
ကြိုးစားအိပ်မယ်
အိပ်မက်ထဲတော့ မလာနဲ့နော် ..... ။ ။
သွေအိမ်

တောင်ငူရာဇ၀င်(၃)

8/5/08

စုက္ကတေးမင်း
စုက္ကတေးမင်းသည်မင်းဖြစ်၍(၃နှစ်၈လ)တွင် မင်းဘောင်းကား
လုပ်ကြံ၍ သက္ကရာဇ်(၇၄၀)တွင်အနိစ္စရောက်သည်။
မင်းဘောင်းကားစည်းစိမ် (၁၄)နှစ်တွင် တစ်ခုသောရောဂါနှင့်
အနိစ္စရောက်သည်။

မင်းစောဦး
မင်းဘောင်းကားအနိစ္စရောက်လေလျှင် သက္ကရာဇ(၇၅၄)တွင်
အ၀ဘုရင်မင်းမြတ်က မင်းစောဦးကို တောင်ငူမြို့သို့စေလွှတ်၍
အုပ်စိုးစေသည်။မင်းစောဦးအုပ်စိုး၍တစ်နှစ်ရှိလျှင် အ၀ဘုရင်မင်းကြီး
စွာစော်ကဲက ငါ့ကျွန်အသက်ငယ်သေးသည်။တိုင်းစွန်ပြည်နားနှင့်
မလျော် အပါးတော်မှာခစားရမည်ဆို၍ မင်းစောဦးကိုအ၀သို့ခေါ်ယူပြီးလျှင်
သက္ကရာဇ်(၇၅၅)တွင် မင်းနေမိကိုတောင်ငူမြို့အုပ်စိုးရန်စေလွှတ်လိုက်လေ၏။

မင်းနေမိ
မင်းနေမိသည်တောင်ငူမြို့တွင် တရားသဖြင့်အုပ်စိုး၍မြတ်စောညီနောင်
စေတီတော်၊ရှင်ပင်ကျောက်ဆောက်စေတီတော်တို့ကို ရွှေလုံးတော်ပြည့်ချတော်မူ
၍ကုသိုလ်ကောင်းမှု့များစွာပြုလျက် စည်းစိမ်(၁၀)နှစ်၊သက္ကရာဇ်(၇၆၅)ခုနှစ်တွင်
အနိစ္စရောက်သည်။

လကျာ်ဇေယျသင်္ကြံ
သက္ကရာဇ်(၇၆၅)ခုနှစ်တွင် အ၀ဘုရင်မင်းခေါင်ကြီးက မိမိကျေးကျွန်
ငခင်ညိုကို လကျာ်ဇေယျသင်္ကြံဟူသောအမည်နှင့်တောင်ငူမြို့ကိုအုပ်ချုပ်စေသည်။
၎င်းလကျာ်ဇေယျသင်္ကြံအုပ်စိုး၍၃နှစ်ရှိလျှင်အ၀ဘုရင်မင်းခေါင်ကြီးက ငါ့ကျွန်
အသက်တော်ကြီးပြီ၊မြို့ရွာအစွန်အဖျားနှင့်မသင့်တော် အပါးတော်မှာခစားရမည်ဟု
တောင်ငူမှနှုတ်သိမ်း၍ပြဉ်စဉ်မြို့ကိုစားစေ၏။

စကုစားသင်္ခယာ
လကျာ်ဇေယျသင်္ကြံကိုနှုတ်သိမ်းပြီးလျှင် စကုမြို့စားသင်္ခယာအ၀မင်းခေါင်
ကြီးကပေး၍ သက္ကရာဇ်(၇၆၈)ခုနှစ်တွင်တောင်ငူကိုအုပ်စိုးစေ၏။ ၄င်းမင်းပြု၍(၄)နှစ်
ရှိလျှင် အနိစ္စရောက်လေ၏။

သင်္ခယာငယ်
သင်္ခယာကြီးမရှိလျှင် ၄င်း၏သားကို အဘသင်္ခယာအမည်ကိုပေး၍ သက္ကရာဇ်
(၇၇၂) တွင် အ၀မြို့ဘုရင်ကထပ်မံ၍ တောင်ငူမြို့ကိုအုပ်စိုးစေသည်။ သင်္ခယာမင်း
ဖြစ်၍တစ်နှစ်ရှိလျှင် ရှမ်းလူမျိုးတို့လုပ်ကြံ၍အနိစ္စရောက်လေ၏။ရှမ်းတို့အုပ်စိုးသည်နှင့်
တောင်ငူမှာမင်းတစ်နှစ်လပ်လေ၏။

ပန်းတောင်းမြို့စား
ရှမ်းတို့တောင်ငူမှာမရှိလျှင် ပန်းတောင်းမြို့စားမောင်အုပ်ကို အ၀ဘုရင်က
အုပ်စိုးစေလွှတ်စေ၏။ တောင်ငူတွင် ပန်းတောင်းမြို့စားမောင်အုပ်တစ်နှစ်ရှိလျှင်
မောင်အုပ်ကိုခေါ်တော်မူ၍ ဗညာဒးယံကိုစေလွှတ်အုပ်ချုပ်စေသည်။

ဗညားယံ
ဗညားယံကို အ၀ဘုရင်စေလွှတ်၍ တောင်ငူမြို့မှာ(၃)နှစ်ရှိလျှင်ဗညားယံကို
ခေါ်တော်မူ၍ စောလူးသင်္ခယာကိုပေးတော်မူသည်။

ချစ်ညီမလေးသို့

7/14/08

ချစ်တယ်
ဖွင့်ပြောချင်ရက် ပြောမထွက်ဘူး
ရင်မှာမြိုသိပ် စိုးရိမ်စိတ်ဖြင့်
ရင်တွင်းကိန်းအောင်း ချစ်တဲ့အကြောင်းကို
ကဗျာသံစဉ် စာသားဆင်၍
ရေးခဲ့မိပြီ
သံစဉ်စာသား ချစ်ကဗျာများကို
ဦးနှောက်အတွေး နှလုံးသွေးဖြင့်
ရေးလို့ပြောမည် ချစ်တဲ့သူ့ဆီ
ကောင်မလေးရယ် ခဏလေးစောင့်ပါ

ရေး - အောင်အောင် --- လျှပ်စစ်(တောင်ငူ)

အချစ်လေးမုန့်ဟင်းခါး

7/11/08

ချစ်လေး=ယောက်ဖ တို့ဆိုင်

အမည်မှာတော့ခါးပြီး၊ စာကြည့်တော့မခါးဘူးဆိုတဲ့ မုန့်ဟင်းခါးကောင်းဆိုင်တစ်ဆိုင်လေး....
ဗိုလ်မှူးဖိုးကွန်းလမ်း၊ ရွှန်းလဲ့ Game ဆိုင်ရှေ့မှာရှိတဲ့ ဆိုင်နာမည်ကတော့ ကျေးဇူးရှင်လို့ခေါ်ပါတယ်...
အဲဒီတွန်းလှဲလေးဟာ ညနေ ၅း၀၀ နောက်ပိုင်းမှ ည ၁၁း၀၀ အထိ ရောင်းပါတယ်...

မင်းလေးရဲ့ဆိုင်နာမည်(ကျေးဇူးရှင်)ကို အမည်ပြောင်းသင့်ပါတယ်...
မင်းလေးရဲ့အလှအပလေးက ပုလဲလေးကို ၀င်းလတ်တောက်ပလှပလွန်းတော့ မြင်သူတိုင်းငေးမောကြည့်ကြတာအမှန်ပါပဲ....
မင်းလေးရဲ့ အလှကြောင့်မုန့်ဟင်းခါးမကြိုက်တက်တဲ့ ကောင်လေးတွေတော်တော်များများတောင် မုန့်ဟင်းခါးကို အသဲစွဲဖြစ်သွားကြပါပြီး၊ (မုန့်ဟင်းခါးရဲ့ လက်ရာလေးကလည်းကောင်း၊ မင်းလေးရဲ့အလှကလည်း ပုလဲလေးလိုဝင်းလဲတောက်ပတော့ ......)စားရတဲ့သူတွေအတွက်အဆင်ပြေတာပေါ့
မင်းလေး....ဆိုင်မှာ မုန့်ဟင်းခါးရောင်းနေတဲ့အချိန်ဆို....လာစားကြတဲ့လူတွေ တော်တော်များတာကျွန်တော်တွေ့ရပါတယ်....မင်းလေးရဲ့ အလှကိုကြည့်ရတဲ့ စားသုံးသူတွေရဲ့ မျက်လုံးသအိမ်တွေဟာ မင်းလေးဘက်ဆီကို လှည့်ကြည့်နေကြတာ တော်တော်များများတွေ့ရပါတယ်.......
မင်းလေးမရှိတဲ့အချိန်ကျတော့ ဆိုင်ရှေ့ကနေဖြတ်သွားပြီး ယောက်ဖရေ လို့ခေါ်သွားကြတယ်....(ဟေ့ ယောက်ဖကိုပေါက် နေကောင်းလား....)2 ..အော်သွားကြပါတယ်...

ဒါကြောင့် မင်းလေးတို့ရဲ့ မုန့်ဟင်းခါးဆိုင်နာမည်ကို ချစ်လေး(သို့)ယောက်ဖ ဆိုတဲ့နာမည်တောင်ဖြစ်သွားနိုင်ပါတယ်.....ဆိုတာကို ပြောကြားရင်း......

တောင်ငူရာဇ၀င်(၂)

7/6/08

တောင်ငူရာဇ၀င်(၂)
မုဆိုးကရင်ဘ
ထီးလှိုင်အသည်သား ငတက်ခါးသည် မုဆိုးအမှုကိုပြုရန် တောသို့သွားသဖြင့်တစ်နေ့သောအခါ မိမိဝတ်သောအင်္ကျီကိုချွတ်၍
မြေတွင်ခေတ္တပုံထားရာ မြွေငန်းကြီးတစ်ကောင်သည် အင်္ကျီပေါ်သို့တတ်လျက် ခွေနေသည်ကို ကရင်ဘမြင်လေလျှင် ချောက်လှန့်ရာ
မြွေငန်းကြီးသည် ရှုးရှုးဟူသောအသံကိုပြုလျက်တောင်အရပ်သို့ ထွက်သွားလေ၏။ ဤအကြောင်းကို ထီးလှိုင်ဆရာတော်အားလျှောက်ထား
လျှင် ဆရာတော်က သင်သည်မြေငန်းသွားသော တောင်အရပ်သို့ပြောင်းရွေ့သွားလျှင် မုချသူကောင်းဖြစ်လတံ့သော ပုဗ္ဗနိမိတ်ဖြစ်လိမ့်မည်
ငါထင်သည်။ မကြာခင် ပြောင်းသွားလေဟုဆိုသောကြောင့် ထီးလှိုင်ဆရာတော်စကားကို လွန်စွာယုံကြည်သဖြင့် ထီးလှိုင်အရပ်မှတောင်ဘက်
ဖြစ်သော ကင်းသာအရပ်သို့ပြောင်းနေသောအခါ သ၀န်ညီနောင်နှင့်တွေ့ကြ၍ ကတိသစ္စာခြင်း ခံကြရလေသည်။
မုဆိုးငတတ်ခါးကို က၇င်ဘဟုခေါ်ခြင်းကား မိဘသေဆုံးသွားသောကရင်မငယ်တစ်ယောက်ကို ကောက်ယူမွေးစားထားသောကြောင့်
၎င်းတို့လင်မယားကိုကရင်ဘ ကရင်မိဟုခေါ်တွင်လေသည်။
သ၀န်ကြီးသည်ကား လပြည့်လကွယ်နေ့တိုင်း နောက်လိုက်နောက်ပါတို့နှင့်တကွ မြတ်စောညီနောင်စေတီတော်၊ ရှင်ပင်ကျောက်
ဆောက်စေတီတော်တို့ကိုဖူးမျှော်လှူဒါန်းပူဇော်ရန်ထွက်လေ့ရှိသည်။ အခါတစ်ပါးသ၀န်ကြီးဘုရားဖူးသွားရာတွင် ညီသ၀န်ငယ်လုပ်ကြံ၍
အနိစ္စရောက်လေသည်။ သ၀န်ကြီးသည် အိမ်နိမ့်(၂၀)နှစ်နှင့်နန်းစည်းစိမ်(၁၈)နှစ်၊သက်တော်(၃၈)နှစ်သက္ကရာဇ်(၆၇၉)တွင်အနိစ္စရောက်
လေသတည်း။
သ၀န်ငယ်
သ၀န်ကြီးအနိစ္စရောက်လျှင် ထိုသက္ကရာဇ်တွင်မှာပင် တောင်ငူကို သ၀န်ငယ်အုပ်စိုးလေသည်။ဆိုအခါ ကရင်ဘကိုမုဆိုးနေရာမှ
ခေါ်တော်မူ၍ မြို့ကွပ်အရာကိုပေးလေ၏။ သ၀န်ငယလည်းများစွာသောကုသိုလ်ကောင်းမှု့ကိုပြုလျက် အိမ်နိမ့်(၃၆)နှစ်၊စည်းစိမ်(၇)နှစ်
စိုးစံ၍သက်တော် (၄၃)နှစ်၊ သက္ကရာဇ်(၆၈၆)ခုနှစ်တွင် အနိစ္စရောက်လေသည်။
မိဖုရားစောစလာနှင့်သားစောနှစ်
သ၀န်ငယ်မရှိလေလျှင် (၉)နှစ်သားဖြစ်သော သားတော်စောနှစ်နှင့် သ၀န်ငယ်၏မိဖုရားစောစလာတို့ကို ကရင်ဘက ကြည့်ရှု့
စောင်မလိက်မင်းပြုစေ၏။ ကရင်ဘမှာမူကား မြို့ကွပ်အရာနှင့်ပင်နေလေသည်။မြို့ကွပ်ကရင်ဘသည် မိဖုရားသားအမိတို့ကို ကျေးဇူး
သစ္စာမဖျက်ပဲ မင်းမြှေက်၍ပေးငြားသော်လည်း မိဖုရားကမူကား စိတ်မဖြောင့် ကျေးဇူးမသိပဲနှင့် သတ်လိုသောအကြံကိုကြံသည်။
ကရင်ဘသည်မြို့ကွပ်ဖြစ်သော်၍သြဇာအာဏာလည်းကြီး၏။အမှုထမ်းလက်နက်ကိုင်တို့လည်းသူ၏လက်အတွင်းမှာရှိ၏။ ငါတို့သားအမိ
ကိုခေတ္တသာမင်းမြှောက်ထားလေသည်။နောင်ငါတို့သားအမိကိုပယ်၍မင်းလုပ်လိမ့်မည်။သူမသတ်ခင် ငါကဦးစွာသတ်မှတော်မည်ဟု
စေတီတစ်ဆူတည်ပြီးလျှင် အနုမောဒနာပြုမည်ဟု ကရင်ဘကိုအခါခါဖိတ်ခေါ်စေလျှက်၊ကရင်ဘလာလျှင် အဆင်သင့်လုပ်ကြံရန်
ဓါးလှံတို့ကိုအဆင်သင့်မြှုပ်နှံလျက်စောင့်နေလေ၏။
ကရင်ဘလည်းဘုန်းကံရှိသူဖြစ်၍ မိဘုရားအခါခါခေါ်ဖန်များလာလျှင်မိမိလူယုံတစ်ယောက်ကိုစေ၍ အမှတ်မထင်ကြည့်စေသော်
ဓါးလှံမြှုပ်လျက်လူစောင့်တို့ကိုတွေ့မြင်လျှင် ကရင်ဘထံသို့ အကြောင်းကိုပြောကြားလေလျှင် ကြောက်ရွံ့ထိတ်လန့်သည်နှင့် စုရုံးမိသမျှ
သောသူတို့ကိုခေါ်၍ မြို့တွင်းသို့ ၀င်ပြေးပြီးလျှင်အကြပ်အတည်း တံခါးပိတ်လျက်နေကြကုန်၏။
ကရင်ဘလည်း မိန်းမနှင့်ယောက်ျားဖြစ်၍ အဆောတလျင်မလိုက်ဘဲမြို့ပြင်ကသာ ၀ိုင်းဝန်းခြံရံကာ အကြပ်အတည်းနေကြသော
ကြောင့်၊တစ်နှစ်ကြာလျှင် မြို့တွင်းသားတို့ အနေကျဉ်းကြပ်ကြသည်နှင့်တံခါးကို ဖွင့်ပေးကြလေလျှင် ၄င်းသားအမိကိုပယ်ရှားလျက်
သက္ကရာဇ်(၆၈၇)ခုနှစ်တွင် ကရင်ဘအုပ်စိုးလေသည်။
ကရင်ဘတွင်ကာသားယောက်ျားလေးမရှိ သမီးတစ်ယောက်သာရှိသည်။ ၄င်းသမီးကို လက်ျာဇေယျပျံချီနှင့် လက်ထပ်၍
သမက်ပြုလေသည်။ ကရင်ဘမင်းသည် အရှေ့ဘက်သို့ပြောင်းရွေ့လျက် (ဒွါရာဝတီ)မြို့ကိုတည်၍စံလေ၏။ ကရင်ဘသည် အရွယ်ငယ်စဉ်
ကအကုသိုလ်အမှုနှင့် မုဆိုးလုပ်ဖူးသော်လည်း ယခုမင်းဖြစ်သည့်အခါ တရားနှင့်အညီ အုပ်စိုးသည့်အတွက် မြို့ရွာတိုးတတ်စည်ကား
သည်နှင့် မြတ်စောညီနောင်၊ရှင်ပင်ကျောက်ဆောင်စေတီတို့ကို ပြုပြင်တော်မူ၍ ရွှေလုံးပြည့်ချတော်မူသည်။ ဤကဲ့သို့ ကုသိုလ်ကောင်းမှု
တို့ကိုများစွာပြုလျက် အိမ်နိမ့်(၇၃)၊စည်းစိမ်(၁၇)နှစ်၊သက်တော်(၉၀)ပြည့်တွင် ဒွါရာဝတီမြို့တော်တွင် အနိစ္စရောက်လေသည်။
လကျာ်ဇေယျပျံချီ
ကရင်ဘအနိစ္စရောက်လျှင် ၄င်းသားမက်လက်ျာဇေယျပျံချီ မင်းပြုလေသည်။ ၄င်းမင်းလည်းမြတ်စောညီနောင်စေတီတော်၊
ရှင်ပင်ကျောက်ဆောက်စေတီတော်များကို ရွှေလုံးတော်ပြည့်ချတော်မူလေသည်။ ၄င်းမင်းဖြစ်၍(၂)နှစ်ရှိလျှင်ညီတော် ထောက်လှေခါး
လုပ်ကြံ၍အနိစ္စရောက်လေသည်။
ထောက်လှေခါး
လက်ျာဇေယျပျံချီ အနိစ္စရောက်လျှင် ၄င်းညီထောက်လှေခါးမင်းပြုလေ၏။၎င်းထောက်လှေခါးမင်းပြု၍ (၁)နှစ်နှင့်(၉)လ
ရှိလျှင် သိန်းပကားလုပ်ကြံ၍ သက္ကရာဇ်(၇၀၈) ခုနှစ်တွင်မင်းပြုလေ၏။
ထိုမင်း၏သားဖြစ်သော ပျံချီကြီးသည် ဘခင်သိန်းပကားမင်းနှင့် အနေအထိုင်၊အသွားအလာ သဘောမတူကြသောကြောင့်
တိတ်တဆိတ်ထွက်သွား၍ပဲခူး၌နေလေ၏။သိန်းပကားမင်း စည်းစိမ်(၁၇)နှစ်၊သက္ကရာဇ် (၇၂၅)ခုနှစ်တွင် အနိစ္စရောက်လေ၏။
တောင်ငူရာဇ၀င်တွေကကျန်သေးတယ်ရှင့်...ဆက်ရေးပါဦးမယ်..

သိလင့်ကစား

ငါ့ရဲ့အိပ်ယာထဲ
ကြမ်းပိုးတစ်ကောင်
လမ်းမှားလို့ရောက်လာခဲ့တယ်
ဖမ်းယူလို့သတ်လိုက်တာ
နံမယ်မှန်းသိတယ်
ဒါပေမယ့် ငါနမ်းကြည့်ခဲ့မိတယ်...............

ငါ့ရဲ့ရင်ထဲကို
ကောင်မလေးတယောက်
လမ်းမှားလို့ရောက်လာခဲ့တယ်
အသဲခွဲသွားမယ်မှန်းသိတယ်
ဒါပေမယ်ပေါ့.......................
ငါလေရူးမိုက်စွာနဲ့ ချစ်ခဲ့မိလေရဲ့

Come Rain

မင်းမသိသေးတဲ့ အနံ့ဆိုး

7/1/08

မင်း ရိုးတယ်လို့ မဆိုလိုဘူး….
ဝံပုလွေလုပ်ရမယ်လို့လည်း မပြောလိုပါဘူး…
မင်းကောင်းမလေးက သိပ်ချစ်တတ်တယ်တဲ့လား….
မင်းပီတီတွေမှာ သွေးတစ်စက်တော့ မစွန်းစေချင်ဘူး….


နောက်ကွယ်မှာ
အခြားတစ်ယောက်နဲ့ မြေနီလမ်းပေါ်လိမ့်နေတာ မင်းသိရဲ့လား….
အဲ့ဒီ ကန်ဘောင်ပေါ်က မြက်တွေ ခွေလှိမ့်နေတာ မင်းသိရဲ့လား….
မင်းပေးထားတဲ့ နာရီလေးကတော့ အဲ့အချိန်မှာ ကြိုးပြုတ်နေတာ မင်းသိရဲ့လား…


မင်းကောင်မလေးက
ညညဆို မင်းကို သတိရတဲ့စိတ်နဲ့ အိပ်မရလို့ဆို…….
လမ်းထိပ်ခဏခဏနဲ့
အဆောင်ကို မလှိမ့်တပတ်လုပ်ပြီး
မဂိုလမ်းက ထိပ်ပြောင်နဲ့ Club တွေ ပြောင်းပြောင်းတက်နေတာ မင်းသိရဲ့လား…..


မင်းကတော့ သိုသိပ်စွာ ယိုဖိတ်နေတာ…
မင်းကောင်မလေးကတော့ ဖွာလန်ကျဲလို့….
အတင်းတိုးဝှေ့တတ်တဲ့ သူ့အကြောင်းတွေ မင်းမသိပါဘူး…
မင်းစိတ်ကူးထဲက လမင်းက
ပြတင်းပေါက်ဖြစ်နေတာ မင်းမသိဘူး…
မင်းရှိတဲ့ ကမ္ဘာကနေ အပြင်ကိုလည်း ထွက်ကြည့်ဦး…….


ဒါဆို မင်းပထမဆုံးရလိုက်မှာက
လေပြေကသယ်လာမယ့် အနံ့ဆိုးတွေ……


လင်းဦး(စိတ်ပညာ)

ကျွန်တော့်ကို ဖြတ်သန်းသွားသော အိပ်မက်

ကျွန်တော်အခုတစ်လော မစိမ်းလန်းဘူး
ကျွန်တော်ဖြစ်ချင်တာက သူ့နဲ့နှစ်ကိုယ့်တစ်စိတ်....
သူ့ဘက်က ပြန်လာတာက
နှစ် အချိုး တစ်.... .... ...

ကျွန်တော်ရယ်၊ သူစိမ်းတစ်ယောက်ရယ်
သူ့ဘက်က ကစားတယ် ...
ကျွန်တော့်ဘက်ကပဲ ဇာတ်နာပေးရမလား၊
သေဆိုသေ၊ ရှင်ဆိုရှင် ၊
ကျွန်တော့်ကို သူက အစိုးရတယ်.... .... ....

ကျွန်တော်ချစ်တာက ကျွန်တော့်ကိုလှော်ခတ်သွားတဲ့
သူ့ရဲ့ ရေမွှေးနံ့လေးပါ....
ကျွန်တော့်ဘက်က ဘယ်တော့မဆို
အလံဖြူလေး တလွင့်လွင့်နဲ့ပေါ့လေ.... .... ...

သေမယ်ဆို သေလို့ရတယ်
သူ့အကြောင်းက ဗိုင်းရပ်လို
တွယ်ကပ်ငြိ ကျွန်တော့်နှလုံးသားကို စားသောက်
စီးဆင်းနေတဲ့မူးမြစ်ကြီးထဲ ကျွန်တော်ခေါင်းမဖေါ်နိုင်အား.... .... ....

တောင်ငူနှစ်ကျိပ်ရှစ်ဆူပွဲ (အပိုင်း-၄၊ တပည့်တော်တို့ကို စွန့်တော်မူပါဘုရား)

6/25/08

ဘုရားများကြွချီရာလမ်းတလျှောက်မှာတော့ ကြိုတင်နှိုးဆော်ထားတာမို့ အိမ်တိုင်းအိမ်တိုင်းမှ မိမိတို့အိမ်ရှေ့တွင် စားပွဲကြီးငယ်များဖြင့် သစ်သီးမျိုးစုံ၊ မုန့်မျိုးစုံ၊ သကြားလုံးများ၊ ဖယောင်းတိုင်များ၊ အမွှေးတိုင်များ၊ ဆွမ်းဆန်များ အစရှိတဲ့ လှူဖွယ်ဝတ္ထုအစုစုတို့ကို အသင့်ခင်းကျင်းပြီးဖြစ်နေပါပြီ။ အာရုဏ်ဆွမ်းခံထွက်လိုက်ပါကြသော ကုသိုလ်ရှင်လူငယ်မောင်မယ်အပေါင်းတို့အား အကျွေးအမွေးဖြင့် ဧည့်ခံကြသော အလှူရှင်များမှာပေါများလှပါတယ်။ ကြာဆံဟင်းခါး၊ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ၊ ပဲသုပ်၊ တို့ဟူးသုပ်၊ ဆေးပေါင်းခတဲ့ မယ်ဇလီဖူးသုပ်၊ ကော်ဖီ၊ လက်ဖက်ရည်၊ မုန့်မျိုးစုံ၊ ကောက်ညှင်းပေါင်း၊ ပလာတာ၊ စမူဆာ အစရှိသဖြင့် အမယ်စုံလင်လှပါတယ်။ လမ်းတလျှောက်မှာ လှူတန်းကြသူများအား ဆုတောင်းမေတ္တာပို့သရာမှာ ဋ္ဌာန်ကရိုဏ်းကျကျ ရွတ်အော်ပေးနိုင်သူပါဝင်တဲ့ အဖွဲ့ကတော့ အဆင်ပြေလှပါတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ အများစုဆုပေးလေ့ရှိတဲ့ “ယခုပြုရ ကုသလကြောင့် ဇောတိက၊ ဇဋိလ၊ .... ၊..... အစရှိသော သူဋ္ဌေးကြီးလေးဦးကဲ့သို့ ပေး၍မကုန် လှူ၍မခမ်း ပဒုမ္မာရွှေကြာပန်းကဲ့သို့ ပွင့်လန်းတော်မူနိုင်ကြပါစေခင်ဗျား“ဆိုတဲ့ဆုတောင်းစာကိုသာ တွင်တွင်ရွတ်ဆိုရပါတယ်။ တစ်ခါတစ်ခါ နောက်ကသူဋ္ဌေးကြီးနှစ်ဦးနာမည်မှာ အလွဲလွဲအမှားမှား၊ တစ်ခါတစ်ခါ သူဋ္ဌေးကြီးနှစ်ဦးမှာ ပျောက်လိုပျောက်ဖြင့် သာဓုခေါ်သံသာ ကျယ်ကျယ်ဟိန်းထွက်လာလေ့ရှိပါတယ်။ အဲဒီအခါ အခြားအဖွဲ့ကနေ “ဟိုဖက်အဖွဲ့တွေ သူဋ္ဌေးနှစ်ယောက်ဘယ်ပျောက်သွားလဲ“ လှမ်းအော်မေးကြ၊ “နောက်မှာ ကြာဇံဟင်းခါးသောက်ရင်း ကျန်ခဲ့လို့ဟေ့“ လို့ဖြေကြရင်း စနောက်ကြတယ်။ တစ်ခါ “ဟိုအဖွဲ့တွေ သစ်သီးဗန်းထဲက လိမ္မော်သီးတွေ ဘယ်ပျောက်ကုန်လဲဟေ့“ ဆိုပြီးလည်း ကျီိစားကြတယ်။ ကျွန်တော်တို့အဖွဲ့ကတော့ စတင်ကြွချီကတည်းက “အရှင်ဘုရား တပည့်တော်တို့ကို စွန့်တော်မူပါဘုရား“ ဆိုပြီး ဘုရားရှင်ထံမှာ တောင်းပန်လျှောက်ထားပြီးသားပါ။ ဒီတော့ အလှူရှင်ရဲ့ လှူဖွယ်တွေအတွက် နှစ်ထပ်ကွမ်းကုသိုလ်ရပါတယ်လေ။ ညသန်းခေါင်ထဲက မနက်ရှင်းရှင်းလင်းသည်အထိ တစ်မြို့လုံးအနှံ့ ပင့်ဆောင်ရတာမို့ ကလေးတွေ ဆာကြမယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဒါပေမယ့် အကျွေးအမွေးတွေက များလွန်းတဲ့နှစ်ဆိုရင်တော့ သပိတ်တွေ၊ တောင်းတွေ၊ ကျောင်းဆောင်တွေပေါ်မှာ မုန့်တွေလျှံနေလေ့ရှိပါတယ်။ ဂေါပကအဖွဲ့တွေက လှူဖွယ်တွေ ဘယ်လိုပင်လိုက်လံသိမ်းဆည်းပေးသော်ငြား ထက်သန်လှတဲ့ သဒ္ဓါတရားကြောင့် အင်မတန်များပြားတဲ့ ဖယောင်းတိုင်၊ အမွှေးတိုင် နဲ့ လှူဖွယ်တွေဟာ မကုန်နိုင်ပါဘူး။ ဘုရားများကြွချီခဲ့ရာ လမ်းတစ်လျှောက်မှာတော့ ကျောင်းဆောင်များမှာ ထွန်းညှိပူဇော်ခဲ့ကြတဲ့ ဖယောင်းတိုင်၊ အမွှေးတိုင်များကို လမ်းဘေးဝဲယာများမှာ ချထွန်းခဲ့ကြတာဖြင့် တကယ့်ကို မွှေးကြိုင်လင်းကျင်းနေပါတော့တယ်။ နောက်ဆုံးမှာတော့ ရေကင်းသံတညံညံဖြင့် ဆိုင်းဝိုင်းမှ တီးမှုတ်လိုက်ပါပါတယ်။္က္က္က ကောင်းကင်က တန်ဆောင်မုန်းလပြည့် လမင်းကြီးရဲ့ အလင်းရောင်တွေနဲ့အတူ မြို့သူမြို့သားတွေရဲ့ ထက်သန်တဲ့သဒ္ဓါတရားတွေဟာ ကျွန်တော်တို့တောင်ငူမြို့လေးကို ရစ်သိုင်းလွှမ်းခြုံထားပါတော့တယ်။ (ကျွန်တော်တို့ တောင်ငူသူ၊ တောင်ငူသားတွေဟာ ဘယ်နေရာ၊ ဘယ်ဒေသတွေ ရောက်နေပါစေ နှစ်စဉ် တန်ဆောင်မုန်းလပြည့်နီးလာရင် ပြန်နိုင်တဲ့သူတွေက ဒီပွဲကို မရောက်ရောက်အောင်ပြန်ကြပါတယ်။ ကျောင်းတုန်းကတော့ တစ်ခြားမြို့က သူငယ်ချင်းတွေကိုပါ ဒီပွဲလေးကို အပါခေါ်ပါတယ်။ ဒီအချိန်ဆို သံတောင်-ပသိချောင်း အပန်းဖြေစခန်း ကလည်း အတော်ကို သွားလာလို့ ခြေခင်းလက်ခင်းသာနေပါပြီ။)