မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

ရင်ကွဲနာ

7/3/09

ဖြူလျော့လျော့ ကမ္ဘာကြီးထဲ
ငါ့ရင်နဲ့ ရင်းခဲ့တဲ့ အနှစ်ချုပ်ဟာ
အပေါစားပျက်လုံး တစ်ခုအဖြစ်
ကောက်နုတ်ခံခဲ့ရတယ် .......
မင်းအနားမှာ နေချင်သေးလို့
အကြိမ်ကြိမ် ငါကိုယ်တိုင်ပဲ
အရှုံးပေးခဲ့သမျှတွေအတွက်
အနိုင်ယူရက်ခဲ့ဦးပေါ့ .......
အဆုံးသတ်ပုံက
တံခါးပတ္တာကြား
အိမ်မြှောင်အမြီးပြတ်လေးလို
အချစ်ဇောတွေ တဆတ်ဆတ်ခါလို့ .........။ ။

ပညတ်ချက်

6/30/09

ကုလားပဲ ထိုင်ထိုင်
ဗမာပဲ ထိုင်ထိုင်
ကုလားထိုင်ကတော့
ကုလားထိုင်ပါပဲ .........။ ။

မျက်ရည်ညများ

8/19/08

အမှတ်တမဲ့မို့
မင်းရဲ့ ရုတ်တရက် ထိုးနှက်မှုဟာ
အားနည်းချက်တွေရဲ့ ကြားထဲကို
တိတ်တဆိတ်နဲ့ အရောက်....´

အဲ့ဒါ...
မိုးလင်းပေါက်ခဲ့ပေါင်းများတဲ့
ငါ့ညတွေများစွာရဲ့
ဖြစ်တည်မှု နိဒါန်း.....

ကဲ.....
ကြည့်စမ်းပါဦး ကလေးရယ်.....
မျက်ရည်တွေ ၀ဲနေသေးလားလို့..... ။ ။

သွေအိမ်

မင်းမသိသေးတဲ့ အနံ့ဆိုး

7/1/08

မင်း ရိုးတယ်လို့ မဆိုလိုဘူး….
ဝံပုလွေလုပ်ရမယ်လို့လည်း မပြောလိုပါဘူး…
မင်းကောင်းမလေးက သိပ်ချစ်တတ်တယ်တဲ့လား….
မင်းပီတီတွေမှာ သွေးတစ်စက်တော့ မစွန်းစေချင်ဘူး….


နောက်ကွယ်မှာ
အခြားတစ်ယောက်နဲ့ မြေနီလမ်းပေါ်လိမ့်နေတာ မင်းသိရဲ့လား….
အဲ့ဒီ ကန်ဘောင်ပေါ်က မြက်တွေ ခွေလှိမ့်နေတာ မင်းသိရဲ့လား….
မင်းပေးထားတဲ့ နာရီလေးကတော့ အဲ့အချိန်မှာ ကြိုးပြုတ်နေတာ မင်းသိရဲ့လား…


မင်းကောင်မလေးက
ညညဆို မင်းကို သတိရတဲ့စိတ်နဲ့ အိပ်မရလို့ဆို…….
လမ်းထိပ်ခဏခဏနဲ့
အဆောင်ကို မလှိမ့်တပတ်လုပ်ပြီး
မဂိုလမ်းက ထိပ်ပြောင်နဲ့ Club တွေ ပြောင်းပြောင်းတက်နေတာ မင်းသိရဲ့လား…..


မင်းကတော့ သိုသိပ်စွာ ယိုဖိတ်နေတာ…
မင်းကောင်မလေးကတော့ ဖွာလန်ကျဲလို့….
အတင်းတိုးဝှေ့တတ်တဲ့ သူ့အကြောင်းတွေ မင်းမသိပါဘူး…
မင်းစိတ်ကူးထဲက လမင်းက
ပြတင်းပေါက်ဖြစ်နေတာ မင်းမသိဘူး…
မင်းရှိတဲ့ ကမ္ဘာကနေ အပြင်ကိုလည်း ထွက်ကြည့်ဦး…….


ဒါဆို မင်းပထမဆုံးရလိုက်မှာက
လေပြေကသယ်လာမယ့် အနံ့ဆိုးတွေ……


လင်းဦး(စိတ်ပညာ)

အဲ့ဒီ့နေ့က ကျွန်တော် ထီးမပါလာခဲ့ဘူး......

6/20/08

လိုသမျှရနေတဲ့
ကျွန်တော်တို့ရဲ့ တက္ကသိုလ်ဆိုင်လေးကနေ အထွက်
သူ့ကို ကျွန်တော် တွေ့ခဲ့ရတယ်...
ဦးချစ်ဆီမှာ လက်ဖက်ရည် မသောက်ချင်တော့ဘူး၊
သစ်ပုတ်ပင်မှာ သီချင်းမဆိုချင်တော့ဘူး၊
ကံကော်ပင်အောက်ကနေ ရောင်းရင်းတွေကို
မစောင့်ချင်တော့ဘူး၊
ကတ္တီပါ ဖိနပ်တွေအကြောင်း
မဆွေးနွေးချင်တော့ဘူး၊
သူဟာ ကျွန်တော်ရဲ့ မြက်ခင်းသစ်
သူဟာ မိုးတွေခေါ်လာသလို
နွေလိုပဲ ပူလောင်ပြတတ်သူပါ။
သက်တံကိုတောင်
အရောင်တိုးချင်နေသူ၊
တကယ်တော့ ..........

သူဟာ
စာအုပ်ရဲ့ အနှစ်သာရနဲ့
တန်ဖိုးကို နားမလည်သူပေါ့ ။
စာအုပ်ကို ၀ယ်ပြီး
ရေထဲ လွှင့်ပစ်ရင်ပစ်မယ်၊
ကျော်ဖတ်ရင် ဖတ်မယ်၊
ဒါမှမဟုတ်.......
တစ်ခုကတော့
အဲ့နေ့က သူ
ကျွန်တော့်စာအုပ်ကို ၀ယ်ခဲ့တယ်၊
ကျော်ပဲ ဖတ်သလား၊
ရေထဲကိုပဲ လွှင့်ပစ်သလားဆိုတာ
ကျွန်တော်မသိခဲ့ဘူး၊
သေချာတာ တစ်ခုကတော့
သူ ... ကျွန်တော့်ရင်ဘတ်ကို
ဖတ်ခဲ့တယ်.... ။

ကဗျာကောက်ကြောင်းတွေနဲ့
တမလွန်ကို ယှဉ်ထိုးနေသူတစ်ယောက်ကို
ယမမင်းက ဖိတ်ခေါ်ခဲ့တဲ့ နေ့ပေါ့။
စားပွဲပေါ် ဓါးထောက်ပြီး
ကျိန်ခိုင်းနေလေရဲ့။
အချစ်ဆိုတာ ပြယုဂ်တစ်ခုလား
မေတ္တာဆိုတာ နီရဲနေတဲ့
မျက်ဝန်းတစ်စုံလားတဲ့။
ကျွန်တော်က ဖြေလိုက်တယ်
အခုလို ရွာနေတဲ့ မိုးလိုပဲ
မည်းပြီး ညိုနေတဲ့ နေ့တွေရှိသလို
နေသာရင်းလည်း ရွာတဲ့နေ့တွေရှိတယ်။
သတိထားရမှာက
ခင်ဗျား ထီးရှိနေဖို့ပဲလို့ ။

ဘယ်သူက
တွေးမှာလဲ..
ဒီလိုအဖြစ်ပျက်မျိုးကို ။
ဘယ်သူက
ကြုံဖူးမှာလဲ
ဒီလို သူစိမ်းဆန်မှုမျိုးကို။
နှလုံးသား အဓိပတိလမ်းမှာ
အအေးပတ် ခဲ့တယ်။
သူက
အခြားတစ်ယောက်နဲ့
ကူးလား လျှောက်ဖြတ်
အမူးသမား တစ်ယောက်လို
အော်အော်ပြောနေတဲ့ အပြုံးများ
မိုးပေါက်တွေကြားက
ကျွန်တော့်မျက်ရည်တွေ ရောနေတာ....
တစ်ချက်ရှိုက်တိုင်း
မိုက်ခဲ့သမျှ ကြေစေဖို့
ဆုတောင်းပါတယ် ၊
သေချာတာကတော့
အဲ့ဒီနေ့က ကျွန်တော် ထီးမပါလာခဲ့ဘူး။
တကိုယ်လုံးရွှဲလို့ပေါ့။ .........။

လင်းဦး(စိတ်ပညာ)
(ည ၁၁း၄၀ အချိန်တွင် ခံစား ရေးဖွဲ့ပါသည်)

နှင်းဆီဆူး

5/31/08

မျက်နှာသစ်နေတဲ့ နံနက်ခင်းက
နေရောင်ခြည်ကို လိုအပ်နေသလိုမျိုး
ကျွန်တော့်နံဘေးမှာ သူ မရှိတော့
ပြုံးနေရတဲ့ အပြုံးက မျက်နှာခပ်ငယ်ငယ်ရယ်.... .... .....

ဇာတ်လမ်းအစမှာ.... တစ်ယောက်နဲ့ တစ်ယောက်
ခလုတ်တိုက်တာလောက်တောင်မှပဲ မနာကျင်ခဲ့ဖူးဘူး ....
နေပူပူကြီးထဲ လေပြင်းတွေ ဖွာလန်ကျဲလို့
အခုတော့ ..... ကျွန်တော့်နှလုံးသားလေး
အဖျားသွေးတွေတက်လို့ရယ် ..... ..... .....

သူ့ဘက်က ဖုန်းလိုင်းဖြတ်ထားတယ် ၊
ကျွန်တော့်အကြောင်း အတင်းပြောတယ် ၊
ရွေးရခက်တဲ့လမ်းက ကျွန်တော့်ဘက်မှာ
ရေပေါ်ထွက်ပြေးမလား ၊ လေပေါ်ထွက်ပြေးရမလားနဲ့ရယ် ..... ..... .....

ကနေတဲ့ဇာတ်က အလွမ်းဇာတ်
ကျွန်တော့်ဘက်က ထာဝရအဆွေးမင်းသား....
ခေါင်းမော့ ၊ ရင်ကော့ ၊ လက်မ ထောင် ၊ နှုတ်ခမ်းမဲ့ ၊ မျက်စောင်းထိုးပြီး
သူ့ဘက်အခန်းမှာ အော်စကာတွေအပြည့်နဲ့ရယ် ..... ..... ...... ။

ပင်စင်ရကဗျာဆရာ

5/27/08

ပင်စင်ရကဗျာဆရာ

*************

ကဗျာဥာဏ်လား ငါ့မှာတုံးနေတာကြာပါပကောကွယ်။
ကလောင်သွေးဖို့ထက် အစာဝင်ရေးက
ဘေးကသွေးထိုးဆော်
ငါ့အိမ်မက်လေးတွေ ပိန်တချည်၊ ပြားတလှည့်ပေါ့။
မှင်တုံးဖျော် ဆေးမင်ခွက်လည်း
ပတ်လည်ပိန်ချိုင့်
တိမ်ဟိုက်လို့နေပေါ့။

ကဗျာဥာဉ်လား ငါ့ရင်မှာစီးဆင်း
ငါ့လည်ပင်းထက်က သွေးကြောတွေလို
ဖုထစ်နေခဲ့တယ်။

ဒါပေမယ့် ၀မ်းရေး
ပုံမှန်လွေးရအောင် နေရောင်ပူအောက် လျှောက်ရဦးမယ်
.... “ဟောဒီက ရေသန့်ဗူးခွံတွေ ၀ယ်တယ်ဗျို့” ....

*********
တြေးသြရာ

ဓါဓါသို့ ........

5/20/08

နှမတော် သို့ .....

အချစ်.... သို့သော်

လွမ်းတယ်ဆိုတာ ခံစားရသူအတွက်
တကယ်ခက်နေတာပါ
အသည်းရင်လှိုင်းခက် အိပ်ပျက်နေတယ်ဆိုတာ
အရိုးဆုံးပါ။

လွမ်းစာတွေရေး လွမ်းချင်းစာဖွဲ့
လွမ်းပီးရင်းလွမ်းရတဲ့ ဒီဘ၀ရဲ့ နတ်ရှင်နောင်ဟာ
ဟိုအရင်နောင်တော့်ရဲ့ ဖြည့်ခဲ့တဲ့ပါရမီကို
စံစားနေရတာလား။

နှလုံးသားရဲ့ ငိုသံကို နှလုံးသားနဲ့ပဲ
အသည်းရဲ့ `ရှိုက်သံကို အသည်းနဲ့ ပဲ
ဘ၀ရဲ့ ဒုက္ခကို ဒုက္ခလိုပဲ ခံစားမှ
ရသဆိုတာ ပေါ်လွင်တာမို့
နှမတော်ရဲ့ ရွှေစိတ်တော်ကို
အတ္တနဲ့ မမျှော်ချင်ဘူး နှမတော်..............

ဆန္ဒနဲ့အတ္တ ဘ၀ဆိုတာတိုက်ပွဲ
ပြေးနေသေနေသူတွေပဲ သားကောင်လား
ဘ၀ကိုခြစားခံတဲ့ မမျှော်ချင်သူရဲ့ နှလုံးသား
ပါးရင်ပါး ထွားရင်ထွားထား
နေ့တနေ့ကို လက်တဖက်အားကျန်တောင်
လှမ်းခဲ့ပါ့မယ် နှမတော်..............

Chatter ဖြစ်ရတဲ့ဒုက္ခ

5/18/08

နာမည်ပြောခါ နီးပြီဆိုရင်လုပ်ပြီ
ဖုန်းနံပါတ်ပြောခါ နီးပြီဆိုရင်လုပ်ပြီ
အဖြေပေးခါ နီးပြီဆိုရင်လုပ်ပြီ
သြော်... connection.........
တနေ့မင်းလည်း ၀ဋ်လည်လိမ့်မယ်

ဖြေ .......တိတ်တိတ်လေး

5/17/08

ဖျက်ခနဲကြည့် သူသိမှာစိုး
တိတ်တခိုးရစ် ကြိတ်ပိုးချစ်နဲ့
ဒို့အဖြစ်ရယ်.....................

အချစ်လှိုင်းယက် ရင်၌ခက်လဲ
ရွှေရင်မောတဲ့ သံယောဇဉ်ကို
သူသိရက်ခက် ပျက်ရယ်မှာစိုး
တွေးမောနေရစ် မျှော်လင့်ချစ်နဲ့
ဒို့အဖြစ်ရယ် .......................

အချိန်နဲလေး ကာလသေးလဲ
ခိုတွဲနွယ်ငင် သံယောဇဉ်နဲ့
အမြစ်တွယ်ရစ် တို့အချစ်ကြောင့်
ချစ်တယ်သိပ်ချစ် ရင်ဖွင့်ပစ်ချင် .......

အစိမ်းရောင်သမ်း ပန်းနှုတ်ခမ်းနဲ့
ကျောခိုင်းနှုတ်ဆက် ဝေးရစ်ရက်မှာ
တွေးခါစိတ်ရှုပ် ကျောက်ရုပ်ဘဝ
နုတ်ဆွံ့အလဲ ..........................

မျက်ဝန်းအိမ်ထဲ အစဉ်စွဲတဲ့
မင်းရဲ့ပုံရိပ် အိပ်မက်ထဲထိ
စွဲငြိနေဆဲ စိုးမိုးဆဲလေ .........

ဒီဖြစ်ထွေကို သူသိလေလျှင်
စိမ်းလေမလား ယိမ်းလေမလား ......

မာယာအီးဝမ်း(အင်တာနက်ကော်နတ်ရှင်)

5/16/08

ဖျက်ဖျက်ဖြိုးပျက် တခဲနက်မျှ
ဒယ်တာရမည် ကောင်းမည်လိုနှင့်
ပျော်ရွှင်မတန့် ဆန့်တငံ့လျှင်
ကော်နက်ရှင်ဒေါင်း မျှော်သူညောင်း၏။

ရုတ်ချည်းဖိတ်ဖိတ် ရုတ်ချည်းမှိတ်သို့
ချစ်စိတ်လျွှမ်းဖုံး အီးမျက်လုံးသည်
နှလုံးစာနာ ကောင်းလာရာမှ
မုန်းလှသည့်ပုံ နှေးပြန်တုံသည်
မှုန်ကာလာကာ မှုန်ကာလာတည့်
မာယာမျက်လုံး အီးမျက်လုံးသည်
မလင်းတချက် လင်းတချက်
မလက်ပြန်ချည် လက်ပြန်ချည်။

နတ်သျှင်နောင်

ဓါဓါသို့

နှမတော်ဓါတု
ချစ်စိတ်ဆိုတာ အတိတ်ရဲ့ရေစက်
ကိုယ်ဖန်တီးပေမယ့် ကိုယ်ရဲ့လုပ်ရပ်
ကိုယ့်ဘ၀နဲ့ ကိုယ့်နှလုံးသား
ချစ်ခြင်းဆိုတာ သက်သေထား

နှမတော်ကိုလွှမ်းစိတ်
အိပ်မက်ဆက်နေတယ်ဆို ယုံမှာလား
မနက်ဆိုလွှမ်း နေ့ပျက်တွေကျော်ဖျက်
ညနေနဲ့ ညဥ့်နက်
သန်းခေါင်ကျော်မိုးသောက်အောင်
ကော်နက်ရှင်စောင့်ရင်း လင်းခဲ့တဲ့အချိန်တွေ
အမ်ပီတီကိုသက်သေပြုရင်း
လွမ်းစိတ်နဲ့  သေလောက်ရဲ့

နှမတော်ကိုလွမ်းစိတ်
တွေ့လိုက်ရင် မမေ့နိုင်တဲ့စကားတွေနဲ့
လွမ်းတာတွေစာစီကုံး ချက်တင်နဲ့ပြုံးလိုက်မယ်
အားခဲကာစောင့်လဲ သက်ထားရယ်
နိမ့်တုံမြင့်တုံ အီးပီစီရဲ့
လောကဓံက မောင့်ကိုဘယ်လိုငြိုးပါလိမ့်
တွေ့တာနဲ့ကွဲ ဟလိုနဲ့ကျေနပ်
အလွမ်းကိုဘယ်လိုဆက်ရ

မော်ဒန်ဓါတုနဲ့ နတ်သျှင်နောင်
အွန်လိုင်းနဲ့ချက် ဗွိုက်(စ)နဲံဆက်
လွမ်းစိတ်ဖြေမယ် မောင်တော်စိတ်ကူး
ရူးရပြီနှမ
အိပ်မက်ဆန်တဲ့စိတ်ကူး ဂိုဂဲတောင်ရူးတဲ့
မောင့်ရဲ့ကော်နတ်ရှင်ကို
ကျူးဗစ်နဲ့ဆိုက်ဘာ
အိုက်အီယာတွေ ဝေဆာဖြိုးလဲ ကိုယ်ကျိုးနဲဆဲပါ
မောင်တော်သစ္စာဆိုပါရဲ့
အေဒီအက်စ်အယ် ဖိုက်ဝမ်းတူးအစစ်ပါနှမတော်

လွမ်းစိတ်ကိုဘယ်လိုဖြေပါ့
နှမတော်နဲ့မောင်ကြီး ပုံရိပ်တွေပို့ဆပ်လို့
ဂျေပက်လေးနဲ့ဖြေသိပ်ချင်တောင်
ပီပီပြင်ပြင် ဟန်ဒြတ်မကျော်ရဲ
ဆယ်ကီလို မှုန်ဝါးလေးနဲ့ မြိုသိပ်ခါကျေနပ်ပါနှမ
မောင်တော့်လိုအဖြစ်ဆိုး အိပ်ပျက်မှာစိုးလှတယ်နှမတော်

မောင်တော့်သစ္စာ ဟိုရင်ဘဝ
အသားထဲကလောက်ဆိုတာ အထင်ကြီးလို့တဲ့
နှမတော်နှလုံးသား အပြုံးပဲနားခိုပါစေ
မောင်တော်ဟာ တခါကဘုရင်
မောင်တော်ဟာ တခါကခေါင်းဆောင်
မတက်ရင်ဆရာခေါ်တာ မောင်တော်မှားတယ်ထား
ရာဇ၀င်ကို မညိုငြင်ပါဘူး
နူးညံ့တဲ့နှလုံးသား သက်သေဆိုတာပါးပေမယ့်
နှလုံးသားဆိုတာ လူတိုင်းမှာတခုထဲပါနှမတော်

ဒီဘ၀သစ္စာ
အရင်က ခုနစ်လနဲ့ ကျေနပ်နိုင်ဘူးသမိုင်းဆရာရယ်
ကိုယ်တော်သာကံပေး
ကော်နက်ရှင်ဖြိုး စည်းစိမ်တိုးလို့
အီးနိုင်ငံတော် အမျိုးဂုဏ်မြောက်ရင်
နှစ်ခုနှစ်ဆယ် ယုံအောင်ကဲပြမယ်
လွမ်းဘွဲ့တွေ စိတ်ကုန်စေသား
နှမတော်

နတ်သျှင်နောင်

တောင်ငူ - ၁

5/10/08

ထုဆစ်ခဲ့ကြတယ်
လက်မှာအဖုအထစ်တွေနဲ့
ငါတို့ဘိုးဘွားတွေလေ။

ချွေးဒီးဒီကျ
သွေးခခဲ့လည်း
အုပ်ချပ်တွေပြီးစေဖို့
မြို့ကိုစခဲ့ကြတယ်
ပထမဆုံးအနေနဲ့။

ဒုမြန်မာကို
ဖြန့်ကာကျယ်စေဖို့
မျိုးစေ့သစ်တွေ စိုက်ပျိုး
တိုက်တွန်းအားနဲ့
ပြည်ကိုတည်ထောင်
ဒီတောင်ငူကစခဲ့ကြတယ်။

ကျွန်တော်ချစ်လို့ ရေးတဲ့ကဗျာ

4/10/08

ကျွန်တော့်ကိုယ်ပေါ်ရွာချလိုက်တဲ့ မိုးအေးလေးဖွဲဖွဲထက်
ကျွန်တော်အခု ဆာလောင်နေတာ
ညီမလေးရဲ့ နှုတ်ခမ်းနီရာလေးတွေပါ ... ... ...

ညီမလေးက ကျွန်တော့်အတွက်
အာဒမ်ခေတ်က ပန်းသီးတစ်လုံး ... ... ...
ညီမလေးရဲ့ ပျော်ရွင်မှုတွေအတွက်
အရာရာမှာ ကျွန်တော်က အလွယ်တကူပျော်ဝင်ပြီးသားပဲ ... ... ...

မေတ္တာတရားကို ရေဆာသလိုဆာလောင်နေတော့
ညီမလေးနဲ့ ကျွန်တော့်ကြား နှုတ်ခမ်းနီရာလေးတွေက
ပေါင်းကူးတံတားလေး ဖြစ်ခဲ့ပြီပေါ့ ... ... ...

ညီမလေးတို့အရွယ်က
အချစ်တစ်ခုကို ခေါင်းစဉ်တစ်ခုစီတပ်နေတဲ့အရွယ် ...
အရှုံးကို ခပ်တင်းတင်းမော့ကြည့်ရဲတဲ့အရွယ် ...
အရာရာကို ပုံအောရမှာကိုတော့ တွန့်ဆုတ်တက်တဲ့အရွယ် ...

မကျေနပ်ချက်တွေကိုစု ... ... ပြီးတော့
ရောက်ရာအရပ်မှာ မိုးသားတွေလိုငွေ့ရည်ဖွဲ့ပြီး
ရွာချပစ်လိုက်ချင်တယ် ... ... ... ... ...

ပိုးကိုက်ထားတဲ့ ပန်းသီးလေးတစ်ခြမ်းလို
ကျွန်တော့်ဘ၀က ကြွေကျလိုက်ဖို့ အသင့် ... ... ...
ရွာနေတဲ့ မိုးဖွဲလေးရယ် ...
ကျွန်တော့်ရင်ဘတ်ပေါ်က နှုတ်ခမ်းနီရာလေးကို
မစိုပါစေနဲ့ ... ... ... ... ... ... ... ... ... ... ... ... ။

တံခါးလေးချပ်နဲ့မြို့လေး

4/4/08

သမိုင်းကိုကြည့်
တောင်ငူဆိုတာ ရဲရင့်မှုအပြည့်နဲ့
သူရဲကောင်းတို့ရဲ့စံ
ဘုရင့်နောင်ဖောင်ဖျက်ဆိုတာ
ဒို့တောင်ငူသားတွေရဲ့ မာန်ပါ

ရတုမှာဘုရင်
စစ်တိုက်ရင်းလွမ်းခဲ့တဲ့
အရှင်နတ်သျှင်နောင်ဆိုတာလဲ
ဒို့တောင်ငူရဲ့ တံဆိပ်ပဲပေါ့

ဂိုဂဲအက်ရဲ့ပုံရိပ်
လေးထောင်စပ်စပ်မြို့ကျုံးရိပ်က
တောင်ငူ့သမိုင်းကို ထင်ပြနေသလို့ပဲ

တောင်ငူသားဆိုတာ
ဓါးထက်ပေမယ့် အရမ်းချစ်တတ်ကြတယ်ဆိုတာ
သမိုင်းကိုသက်သေပြုပေမယ့်
လက်တွေ့မှာလည်း ယုယတတ်ကြတယ်

တထောက်နားရင်း လျှောက်သွားရင်းနဲ့
အပန်းဖြေတဲ့နေရာ အလွမ်းဝေတဲ့နေရာ
တန်ခိုးကြီးတဲ့ဘုရားတွေနဲ့ သမိုင်းဝင်နေရာစုံကို
ယုံအောင်မကြွားတော့ဘူး
အရောက်သာလှမ်းခဲ့ပါ သူငယ်ချင်း

မီး

4/1/08

လမ်းထိပ်မှာ အရောင်တလက်လက်

ဘွတ်ဖိနပ်တွေနဲ့ ...............

မီးသက်သမားများထင်ပါရဲ့

သူတို့ကိုပြောလိုက်ပါနော် .........

မီးတောက်နေတဲ့ နလုံးသားဆိုတာ

ချစ်သူ့ အနမ်းနဲ့ပဲ ငြိမ်းသက်နိုင်မယ်လို့ ။
hahahahahahahahaha