မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


လူပျိုကြီးဖြစ်ရသည့်အကြောင်းများ (၁)

4/8/08

ညံ့တယ်လို့ပဲပြောပြော၊မစွံဘူးလို့ပဲပြောပြော ကျွန်တော် အခုချိန်ထိ လူပျိုကြီးဖြစ်နေဆဲပါပဲ ဒါပေမယ့် စွံတော့စွံပါတယ်ကျွန်တော့်မှာ ရည်းစားပေါင်း (၁၀၀)ကျော်လောက် အထိ အောင်ကိုရှိခဲ့တာပါ(ဒါတောင်လိုက်မရေနိုင်တော့လို့ လျှော့ပြောထားတာ) ဘာလို့မိန်းမမရတာလဲတော့မသိဘူး။

အဲဒီရည်းစားလေးတွေနဲ့ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးတွေကို နည်းနည်းလောက်တော့လေရှည်ချင်တယ်။
ဒီနေ့ ရည်းစားဦးလေးနဲ့ ဈေးထိပ်မှာပြန်တွေ့လိုက်ရလို့ သတိရစွာနဲ့ ရေးဖွဲ့လိုက်တာပါ။

သူများတွေအတွက်မှန်လား၊မမှန်လားတော့မသိဘူးဗျ ကျွန်တော့်အတွက်ကတော့မှန်တယ်(ခဲမဟုတ်ပါ)
"ရည်းစားဦးနဲ့ဘယ်တော့မှမရနိုင်ဘူး" ဆိုတာကိုပြောတာပါ ကျွန်တော့် ရည်းစားဦးလေးက အရမ်းချောတာဗျ

ကျွန်တော်(၇)တန်းနှစ်တုန်းကပေါ့ဗျာ အတန်းထဲကို ကောင်မလေးတစ်ယောက်ပြောင်းလာတယ် တခြားကျောင်းကပါ အဲဒီကောင်မလေးက
မျက်မှန်လေးနဲ့ ပြီးတော့ ကျောပိုးအိတ်လေးကို လွယ်လို့ဆိုတော့ ကျွန်တော့် ရဲ့ကလီစာထဲကို တန်းဝင်ပြီး ရွစိရွစိကို ဖြစ်တော့တာပဲ အဲဒါနဲ့ ကျွန်တော်ကလည်း လက်ကတော်တော်သွက်တော့ မနက်ခင်းကရောက်တာကို နေ့လည်ထမင်းစားချိန် ကျတော့ ရည်းစားစကားက ပြောပြီးသွားပြီလေ ကောင်မလေးကလည်း မငြင်းရှာပါဘူး(သူလည်း ကလီစာထဲဝင်သွားလို့နေမှာပေါ့)
တစ်လလောက်လဲနေရော အဖြေပြန်ပေးပါလေရောဗျာ ပျော်လိုက်တာဆိုတာမပြောပါနဲ့တော့ ဒါပေမယ့် ကျွန်တော်သတိမထားလိုက်မိတာ
တစ်ခုရှိတယ်၊ဘာလဲဆိုတော့ သူနဲ့ကျောင်းသွားကျောင်းပြန်အတူတူသွားတဲ့ကောင်မလေးက အရင်တုန်းက ကျွန်တော့်ကို
အသေကြိုက်ခဲ့တာလေ(မယုံမရှိနဲ့ တကယ်ပြောတာ) ကျွန်တော်က ပြန်ကိုမကြိုက်ခဲ့တာ
ကျွန်တော်သိလိုက်ရတဲ့ အချိန်ကျတော့ လွန်သွားခဲ့ပြီ၊ ဖြစ်ပုံကဒီလို ကောင်မလေးက ကျွန်တော့်ကို အဖြေပေးပြီးတော့ ချိန်းတွေ့ကျတာ ပေါ့ဗျာ ဘယ်လောက်ထိအောင်ချိန်းတွေ့ခဲ့သလဲဆိုရင် ပိတ်ထားတဲ့ ၅တန်းခန်းထဲသွားချိန်းတွေ့မိလို့ ကျောင်းအုပ်ဆရာကြီးရိုက်တဲ့အထိပဲ
အဲဒီလို ဆရာကြီးမိပြီးသွားတဲ့နောက်မှာ ကောင်မလေးက ကျွန်တော့်ကို တော်တော်လေးစိမ်းသွားတယ် အဲဒါနဲ့ ကျွန်တော်လည်း သူ့ဆီစာတွေရေးတာပေါ့ စာကျတော့ သူကပြန်တယ်ဗျ စကားတော့ အပြောကိုမခံတော့တာ လမ်းမှာတွေ့ရင်တောင် မသိချင်ယောင်ဆောင် သွားတာ ဒီလိုနဲ့ စာမေးပွဲနောက်ဆုံးနေ့ကျတော့ ကျွန်တော်လည်း အရဲစွန့်ပြီး တွေ့ချင်တယ် ဘာညာပေါ့သွားပြောတာ သူကလဲ ညနေကျရင် ကန်တော်ကြီးမှာတွေ့ကျမယ်တဲ့ ဒါနဲ့ကျွန်တော်လည်းညနေကျတော့ ကန်တော်ကြီးမှာ သွားစောင့်နေတာပေါ့ (ကောင်းခန်းရောက်လာပြီနော်) သူလည်းတကယ်ကိုလာခဲ့ပါတယ် ကျွန်တော်ကလည်း လျောက်ပြောတာပေါ့
"နင်ကလည်းနေနိုင်လိုက်တာနော်၊စကားလေးတစ်ခွန်းတောင်ပြောခွင့်မပေးဘူး"
"နင်ဘာသိလို့လဲ ဆရာကြီးမိသွားကထဲက ငါ့အဖေကဆော်ပလော်တီးပြီး နောက်တစ်ခါဖြစ်ရင် ကျောင်းထုတ်မယ်ဆိုလို့ပါဟာ"
"အာ ကျောင်းခန်းထဲအထိတော့ နင့်အဖေကြီးမမြင်ရပါဘူးဟာ"
"သူငယ်ချင်းတွေက ပြန်တိုင်မှာပေါ့ဟ"
"အေးဒါလည်းဟုတ်တာပဲနော်၊ဘာပဲဖြစ်ဖြစ်ငါ့စာတွေကို ပြန်ပေးတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ်ဟာ"
"ဘာစာတွေကိုပြောတာလဲ"
"နင်နဲ့ စကားမပြောရတုန်းက နင့်ဆီကိုငါရေးတဲ့စာတွေလေဟာ"
"ဘာတွေလာပြောနေတာလဲ ငါလည်းဘာမှမသိပါလား ရလည်းမရပါဘူး နင်ဘယ်သူနဲ့ပေးလိုက်တာလဲ"
"နင့်သူငယ်ချင်း ဟို ၀၀တုတ်တုတ် ကောင်မလေးနဲ့လေဟာ အစောင် (၁၀၀) လောက်တောင်ရှိတယ်"
"အာ ငါ့ဆီတစ်စောင်မှရောက်မလာပါဘူးဟာ"
"ဟုတ်သေးပါဘူး ငါ့ကိုမနောက်စမ်းပါနဲ့ဟာ ငါကပြန်စာလေးရလို့ ၀မ်းသာနေတာနော်"
"တကယ်ကိုငါမသိပါဘူးဆိုနေမှ"
"မဖြစ်နိုင်ဘူး ဒါဆိုဒီစာတွေက ဘယ်သူပြန်ရေးတာလဲ"
"ဘယ်သိမလဲဟ လက်ရေးကိုကြည့်လိုက်ပေါ့ နင်လက်ရေးကိုမကြည့်ဘူးလား"
"ကြည့်တယ်လေဟာ"
"ဒါတောင်နင်က ငါ့လက်ရေးကို မသိဘူးလား"
"ဟီးဟီး ငါမမှတ်မိဘူးဟ"
"ကောင်းတာပေါ့ ပြစမ်းပါဦး အဲဒီ့စာတွေ"
"ရော့"
"ဒါ ငါ့သူငယ်ချင်းလက်ရေးပဲ နင်ကငါမရှိတုန်းသူနဲ့ အဆက်အသွယ်လုပ်နေတယ်ပေါ့ ဟုတ်လား"
"မဟုတ်ပါဘူးဟာ ငါတကယ်ကိုမသိလို့ပါ"
"တော်ပြီ နင်ငါ့ကို စကားလာမပြောနဲ့တော့၊ ကိုယ့်ရည်းစားလက်ရေးကိုတောင် မသိတဲ့နင့်ကို ငါအရမ်းမုန်းသွားပြီ"

အဲဒီကစပြီး ရည်းစားဦးလေးနဲ့ ကွဲခဲ့တာပါပဲဗျာကျွန်တော်ကိုက တော်တော်ကိုညံ့ပါတယ် ကိုယ့်ရည်းစားလက်ရေးကို မြင်ရင်မှတ်မိဖို့ နေနေသာသာ မြင်တောင်မမြင်ဖူးဘူးလေ။
ဒါက ကျွန်တော့်ရဲ့ ပထမဦးဆုံး အချစ်ဦးဇာတ်လမ်းလေးအကြောင်းပါ နောက်ထပ် ကျွန်တော်နဲ့ ဖြစ်ခဲ့တဲ့ ရည်းစားတွေ အများကြီးကျန်ပါသေးတယ် များလွန်းလို့ထင်ပါရဲ့ လမ်းမှာမျက်နှာချင်းဆိုင်တွေ့ရင်တောင် မှတ်မိမှာမဟုတ်ဘူး နောက်တစ်ခါ မှတ်မိမှပဲ ဆက်တင်တော့မယ် ။