အဲ့ဒီနေ့ပေါ့ ကောင်မလေးရေ........ အဖြူရောင် ၀မ်းဆက်လေးနဲ့ မြက်ခင်းပြင်ပေါ်က မင်းဟာ ဗျိုင်းတစ်ကောင် အလားပဲ။ ငါ့မျက်စိတွေ ကျိန်းစပ်လွန်းလို့ မင်းကို ပုဏ္ဏရိပ်ကွယ်ကနေ ကြည့်ခဲ့ရတယ်။ မျိုသိပ်မလွယ်တော့လည်း အသိုအသိပ်မတတ်လို့ ယိုဖိတ်ခဲ့ရတယ်။ ဒီလိုဖြစ်လာလိမ့်မယ်လို့လည်း ငါ... မတွေးမိခဲ့ဘူး။
နာရီလက်တံတွေ သူ့အတိုင်းလည်နေတယ်။ ကမ္ဘာကြီးဟာ သူ့ပုံမှန်အတိုင်းပဲ။ ဒါပေမယ့် ကြားနေရတဲ့ အသံတွေဟာ နားထဲမှာ ချိုပစ်နေတယ်။ သက်တံတွေဟာ ကိုင်းလာတယ်။ ငါ့ရဲ့ ...မြေမှုန်တွေနဲ့ ပေကျံနေတဲ့လက်ပေါ် ဗျိုင်းလေး လာနားတယ်။ ငါ....လေ.... ပျံသွားမှာဆိုလို့ လှုပ်တောင် မလှုပ်ရဲခဲ့ဘူး။ အသက်တောင် ပြင်းပြင်း မရှုခဲ့ဘူး။ ငါ မသိလိုက်တာက အဲ့နေ့ကစပြီး ငါ့လက်ဟာ ကျိန်စာသင့်တော့တာပါပဲ။
တစ်ရက် တစ်နေ့နဲ့ ပြန်မရနိုင်တော့တဲ့ နေ့လေးတွေ ကုန်ဆုံးခဲ့တယ်။ ဟော... အနောက်တောင်မိုးတွေ ရောက်လာတယ်။ အဲ့နေ့က စပြီး မင်းဟာ အရှေ့ကိုပဲ ကြည့်တော့တယ်။ အရှေ့ဘက်မှာ မင်းသိပ်ကြိုက်တဲ့ မြက်ခင်းစိမ်းလှလှတွေ ရှိတယ်။ အစားခံဖို့စောင့်နေတဲ့ ငါးလေးတွေရှိတယ်။ မင်းပျော်မြူးနိုင်တဲ့ ရေကြည်အိုင်လေးတွေ ရှိတယ် မဟုတ်လား။ ပြီးတော့ မွှေးပျံ့နွေးထွေးတဲ့ လက်တစ်စုံ ရှိတယ်။ အဲ့အချိန်ကစပြီး ငါ့လက်ဟာ ရွံ့နွံတွေ ပေါက်နေတော့တာ...။
ငါ့ရဲ့ ဘယ်ဘက်လက်မှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ မစိမ်းတစိမ်း မြက်ခင်းလေးရယ်၊ ငါ့ရဲ့ ညာဘက်လက်မှာ မရှု့မလှနဲ့ သေဆုံးသွားတဲ့ ငါးပေါက်လေး ရှိတယ်။ ငါ့ရင်ဘတ်ကတော့ ၀မ်းနည်းမှုတွေ တစ်စက်ပြီးတစ်စက် ကျနေလေရဲ့ ။
ကောင်မလေးရေ..........
ရတုဘုရင် နတ်သျှင်နောင်ဟာ ရတုအလွမ်းလင်္ကာတွေရေးပြီး ဓါတု ကလျာဆီ ဆက်သခဲ့ခြင်းဟာ “မြတ်နိုးစွာ ချစ်ခဲ့မိလို့ပါ” ။
ကေးဝဋ်ပုဏ္ဏားဟာ နဖူးက အမာရွတ်ကိုမြင်တိုင်း မဟော်သဓါကို သတိရခြင်းဟာ “နာကျည်းစွာ မုန်းတီးခဲ့လို့ပါ”။
လူ့ဘ၀ဆိုတာ မြတ်နိုးစွာချစ်ခဲ့မိလို့ သတိတရ ရှိတတ်ကြသလို၊ နာကျည်းစွာ မုန်းတီးခဲ့ရင်လည်း မေ့မရဘဲ ရှိတတ်ကြတယ်......။
|