မင်္ဂလာပါ...

မင်္ဂလာပါ............. ကျနော်တို့ရဲ့တောင်ငူဘလော့လေးကို ဒီထက်ပို၍ကောင်းမွန်စေလာရန် ကြိုးစားလျက်ရှိပါတယ်.. ဘလော့ဆိုတာထက် အွန်လိုင်းပေါ်က မဂ္ဂဇင်းသဖွယ်နယ်ပယ်တစ်ခု ရလာစေရန် ရည်ရွယ်ထားပါတယ်.. ထို့ကြောင့် အကြံပေးလို၊ ထောက်ပြဝေဖန်လိုသည်များရှိသော် info@taungoo.net သို့ အီးမေးလ်ပို့၍ အကြံများပေးနိုင်ပါတယ်ခင်ဗျား....



တောင်ငူဘလော့ရဲ့ပျော်ရွှင်ဖွယ်ရာလေးတစ်ခုဖန်တီးလိုက်ပါပြီ။
ဒီနေရာမှာကလစ်နှိပ်ပြီးပျော်ရွှင်ဖွယ်ရာ မေးခွန်းလေးတွေမေးရင်း အဖြေကို စောင့်ကြည့်ကြပါစို့ ...

ကျေးဇူးပြုပြီး မေးခွန်းများသာမေးပေးစေလိုပါတယ်


ရာဇဓါတုကလျာမင်းသမီး (၉၂၁-၉၆၄)

5/12/08

ရာဇဓါတုကလျာမင်းသမီးသည် တောင်ငူခေတ်တွင်ထင်ရှားသောအမျိုးသမီး စာဆိုတော်တစ်ဦးဖြစ်သည်။

သက္ကရာဇ် ၉၁၈-ခုနှစ်တွင် ဟံသာဝတီရွှေနန်းကို သိမ်းမြန်းစိုးစံတော်မူသော ဆင်ဖြူများရှင်မင်းတရားကြီး (ဘုရင့်နောင်)နှင့် ရာဇဒေ၀ီဘွဲ့ခံ တပယင်းစတုဂါမဏိသမီးရှင်ထွေးလှတို့သင့်မြတ်ရာမှ သားတော်ကြီး ဇင်းမယ်ဘုရင်နော်ရထာစော၊ သမီးတော်ရာဇဓါတုကလျာ၊ သားတော်အငယ် သိင်္ဃဒတ္တတို့ကို ဖွားမြင်တော်မူ သည်။ ဟံသာဝတီဆင်ဖြူများရှင်မင်းတရားကြီးသည် ဟံသာဝတီမြို့တော်ကြီးတွင် မဟာစေတီတော်ကြီးကို တည်တော်မူရာ ဓါတ်တော်မွေတော်များကို ဘုရားတွင်ဌါပနာသည့်နေ့၌ ရာဇဓါတုကလျာမင်းသမီးကို ဖွားမြင်တော်မူလေသည်။ ထိုသည်ကိုစွဲ၍ ရာဇဓါတုကလျာ ဟုတွင်ခဲ့လေသည်။

မောင်တော်နော်ရထာစောသည် ဇင်းမယ်ကိုအုပ်ချုပ်ရသဖြင့် ရာဇဓါတုကလျာကို ဇင်းမယ်ဘုရင်၏နှမ ဟူ၍လည်း ခေါ်ကြသည်။ ရာဇဓါတုကလျာမင်းသမီးလေးသည် သူမချစ်ခင်မြတ်နိုးစုံမက်သော မောင်တော် နတ်သျှင်နောင်မင်းသားနှင့် အမျိုးမျိုးသော အကြောင်းတို့ကြောင့် မေတ္တာနှောင်ဖွဲ့ရေး နှောင့်နှေး ကြန့်ကြာခဲ့သဖြင့် လွမ်းစာခွေရတုများရေးသားပြီး တပါးနှင့်တပါးကူးလူးဆက်ဆံနေရဆဲတွင် ရုတ်တရက်ချစ်ခင် နှစ်သက်သူနှင့်ကွေကွင်းလျက် မစုံမက်မနှစ်သက်သူအိမ်ရှေ့ဥပရာဇာ(မင်းကြီးစွာ)၏ လက်တွင်းသို့သက်ဆင်း ရပြီးလျှင် အိမ်ရှေ့ဥပရာဇာ ယိုးဒယားတိုက်ပွဲတွင်ကျဆုံး၍ ကံတော်ကုန်မှ ချစ်ဟောင်းနတ်သျှင်နောင်မင်းသား နှင့်ပင် စုလျားဆင်ရပြန်သည်။ သို့ရာတွင်ရာဇဓါတုကလျာသည် တောင်ငူအိမ်ရှေ့မင်းနတ်သျှင်နောင်နှင့် ကြာရှည်စွာမပေါင်းသင်းလိုက်ရပဲ ၇လမျှသာပျော်ရွှင်စွာ စံစားလိုက်ရပြီးနောက် ကွယ်လွန်ခဲ့လေသည်။

ရာဇဓါတုကလျာသည် ရတနာသုံးပါးတွင်များစွာကိုင်းရှိုင်း၏၊ သိမ်မွေ့နူးညံ့သောသဘောလည်းရှိ၏၊ ကဗျာလင်္ကာ ဖွဲ့ဆိုခြင်းအရာ၌လည်း ကျွမ်းကျင်လိမ္မာလှပေသည်။ အလွမ်းစိတ်ဓါတ်ရင့်သန်သူဖြစ်သည့်အတိုင်း ဆိုခဲ့သမျှသောစာများမှာအဓိပ္ပါယ်ကျယ်ဝန်းနက်နဲ၍ အလင်္ကာဂုဏ် ထူးကဲပြောင်မြောက်လှပေသည်။

ရာဇဓါတုကလျာမင်းသမီးဆို၊ကျေးစေရတုပိုဒ်စုံ

(၁) ဟေမ၀န်မှာ
တောသာတခန်း၊တောင်ထောင့်ယွန်း၌၊သိုက်နန်းဗိမာန်၊ခုမှသွန်၍၊ဘုန်းဝှန်သနင်း၊
မွေး၍ပြင်းသား၊တတ်ခြင်းနားဝင်၊လူမှုကျင်သည်၊မြသွင်ကိုယ်မွှေး၊စိန့်ပြည်ကျေး။
ခြားဝေးမြေရှည်၊တရုပ်ပြည်ကို၊ဖွေနှည်လုပ်ကြံ၊ခန့်တိုင်းနွံ၍၊မယ့်ထံဘုံနန်း၊
ရွှေမြို့ကွန်းသို့၊စခန်းလှည့်ချီ၊ပျ့လေပြီဟု၊မိုးဆီတိမ်တွင်း၊လေကိုချင်း၍၊
လျင်ပြင်းသွားလေ၊လျှောင်တင်ချေလော့၊မြုတေပထွန်း၊ဘုံရွှေနန်းဝယ်၊
ဘက်ကျွန်းစံတင်၊နောင့်သခင်မူ၊ဖူးချင်းသံပျောင်း၊မှီအုံးလျောင်းသည်။
ညောင်စောင်း ကျက်သရေ၀ယ်သောဝ်။

(၂) ဝေဇယန္တာ
နန်းသာတုလွတ်၊ဘုံများထွတ်ဟုသုဒဿန၊နာမတွင်သည်၊သိကြားတည်သား၊
အမည်လွမ်းရှိန်၊တာဝတိန်နှင့်၊နှိုင်းချိန်မြိုင်ဆွယ်၊ရွှေဇင်းမယ်သို့၊
မှတ်ရွယ်တူရူ၊ပျံလေမူကား၊သဲဖြူပေါ်ထွန်း၊ပြင်သာကျွန်းနှင့်၊ရစ်သန်းမြလား၊
သံလွင်နားဝယ်၊ပန်းအားပြေရုံ၊နားပြီးတုံမှ၊သဲပုံပုထိုး၊သုံးလူမျိုးကို၊
ညွတ်ကျိုးကောင်ရော်။ပူဇော်ခဲ့လျှင်း၊တညဥ့်တွင်းမှ၊မလင်းမီခင်၊
သောက်ရောင်ထင်က၊စောစောထ၍၊ဌာနမင်းနေ၊ဘုံရွှေမြေသို့။ညနေချမ်းမှန်၊
ရောက်လေတန်၏၊သ၀န်ခွေစာ၊ဆက်လိုက်ရာကား၊သင်္ခါအစစ်၊အာနီနှစ်တွင်၊
မြချည်တင်သို့၊အသွင်နတ်လောင်း၊ရူမညောင်းသည်။ ။ရောင်ကောင်းညက်
ထရွေဝယ်သောဝ်။

(၃) စေတမန်သာ
ဝသန်စာနှင့်၊ပျူငှါသံဖြ၊မောင်နှုတ်ကလျှင်၊ခွန်းမျှမကျန်၊မှာတိုင်းပြန်လော့၊
နှောင်းစွန်ဖွားမြင်၊မိသခင်၏၊လေးပင်သာပျော်၊ငယ်မည်တော်ကို၊
ထုတ်ဖော်မရက်၊စုံမက်လှည့်ကာ၊ကြံရာကြံပြန်၊မိုးသို့ဝှန်မျှ၊ရွက်ဟန်ထူးခြား၊
စကားဖြူညက်၊မဉ္ဖူခက်ကို၊ဆက်လိုက်သော်လည်း၊ရွှင်ပျော်နှစ်ခြိုက်၊
မီးရောင်မြိုက်မူ၊ဦးနှိုက်စံပယ်၊မဆင်ဖွယ်ဟု၊ ဘုန်းကြွယ်တုလွတ်၊
စွယ်တော်မြတ်ကို၊ရည်မှတ်ရည်ထင်၊ပူဇော်တင်၍၊သံရွှင်သံညောင်း၊
ပြည့်ဆုတောင်းသည်။ ။နောင်နှောင်းဘက်မကွေရွယ်သောဝ်။